International News

ဗီယက်နမ်နိုင်ငံ၏ ငံပြာရည် (Fish Sauce) ထုတ်လုပ်မှု လုပ်ငန်းနယ်ပယ်က နိုင်ငံတကာသို့ တင်ပို့နိုင်ရန် နည်းလမ်းများကို ရှာဖွေလျက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုး တိုးတက်လာစေရန် လုပ်ငန်းနယ်ပယ်အလိုက် အာရုံစိုက်လုပ်ဆောင်လျက်ရှိသည်နှင့်အညီ ယခုအခါ ငံပြာရည် (Fish Sauce) ထုတ်လုပ်မှု လုပ်ငန်းနယ်ပယ်သည် ပြည်ပသို့တင်ပို့ခြင်းဖြင့် ဈေးကွက်ချဲ့ထွင်နိုင်ရန် နည်းလမ်းများရှာဖွေလျက်ရှိပါသည်။ ထို့အပြင် ဗီယက်နမ်နိုင်ငံထုတ်ငံပြာရည်ကို ကုန်ပစ္စည်းနှင့် နိုင်ငံအားတွဲဖက်သိရှိစေသော National Brand တစ်ခုအဖြစ် လုပ်ဆောင်သွားမည်ဟုဆိုပါသည်။

ဗီယက်နမ်ရှိ ငံပြာရည် (Fish Sauce) ထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်သည် အစားအစာ သန့်ရှင်းစင်ကြယ်မှုနှင့်လုံခြုံစိတ်ချရမှုတိုးတက်လာစေရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရန် ထုတ်ကုန်အမျိုးမျိုးပြောင်းလဲ ထုတ်နိုင်ရန်လုပ်ဆောင်လျက်ရှိပါသည်။

ဗီယက်နမ်နိုင်ငံ၊ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (Ministry of Agriculture and Rural Development)၊ ဒုတိယဝန်ကြီး Phung Duc Tien ၏ ပြောကြားချက်အရ ဗီယက်နမ်နိုင်ငံထုတ်ငံပြာရည်ကို ပြီးခဲ့သည့်နှစ်က အာရှစျေးကွက်သို့ ၅၄ ရာခိုင်နှုန်း ၊      သြစတေးလျစျေးကွက်သို့ ၁၈ ရာခိုင်နှုန်းနှင့် အာဖရိကနှင့် ဥရောပဈေးကွက်သို့ ၁၃ ရာခိုင်နှုန်း တင်ပို့ခဲ့ကြောင်း၊ နှစ်စဉ် ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းတင်ပို့မှုသည် ၁၂ ရာခိုင်နှုန်း ပတ်ဝန်းကျင်ဖြစ်ပြီး ပမာဏအားဖြင့် အသင့်အတင့်မျှသာ တင်ပို့နိုင်ခဲ့သည်ဟု သိရှိရပါသည်၊၊

မကြာသေးမီက ဗီယက်နမ်နိုင်ငံရှိ ငံပြာရည်လုပ်ငန်းနယ်ပယ်သည် အစားအစာ သန့်ရှင်းစင်ကြယ်မှုနှင့် လုံခြုံစိတ်ချရမှုကို တိုးတက်စေရေးနှင့် နိုင်ငံတကာဈေးကွက်၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရေးတို့အတွက် ထုတ်လုပ်မှုတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည့်အတွက် ပို့ကုန်တင်ပို့မှုမြင့်တက်စေရန် အလားအလာများစွာလည်း ရှိလာပြီဖြစ်ပါသည်။

ပို့ကုန်တိုးချဲ့မှုအတွက် ကြီးမားသောအတားအဆီးမှာအစားအစာသန့်ရှင်း စင်ကြယ်မှုနှင့် လုံခြုံစိတ်ချရမှုဖြစ်ပြီး ပို့ကုန်ဈေးကွက်များ၏ လိုအပ်ချက်များနှင့်ကိုက်ညီစေရန် အရသာနှင့် ငံပြာရည်ထုတ် ကုန်အမျိုးအစားမျိုးစုံအား ဈေးကွက်သုတေသနပြု လုပ်ငန်းများတိုးမြှင့်လုပ်ဆောင်ရမည်ဟု Tien က ဆိုပါသည်၊၊ ထို့အပြင် ဗီယက်နမ် နိုင်ငံ၏ National Brand တစ်ခုဖြစ်လာစေရန် ဖန်တီးတည်ဆောက်သွားရမည်ဟု Tien က ပြောကြားခဲ့ပါသည်။

ငံပြာရည်ထုတ်လုပ်မှုလုပ်ငန်းနယ်ပယ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အစိုးရတာဝန်ရှိအဖွဲ့အစည်းများနှင့် ငံပြာရည်ထုတ်လုပ်သူများ အတူတကွပူးပေါင်းလုပ်ဆောင်သွားကြရန် လိုအပ်သည်ဟု ဗီယက်နမ်နိုင်ငံအစားအစာယဉ်ကျေးမှုအသင်း (Vietnam Cuisine Culture Association) က ပြောကြားခဲ့ပါသည်၊၊

ထုတ်လုပ်သူများအနေဖြင့် အမေရိကန်၊ သြစတေးလျနှင့် ဥရောပဈေးကွက်များ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန်အတွက်  နည်းပညာများပြောင်းလဲလုပ်ဆောင်ရန်နှင့် ဘေးအန္တရာယ်လေ့လာ စိစစ်မှု၊ ဆုံးရှုံးမှုကိုအခြေခံသော ကာကွယ်တားဆီးရေး ထိန်းချုပ်မှုနှင့် ISO 22000 ကဲ့သို့သော အရည်အသွေးစီမံခန့်ခွဲမှုစနစ် (Quality Management System) များကိုကျင့်သုံးရန် လိုအပ်သော အထောက်အပံ့ပေး သွားမည်ဖြစ်ပါသည်၊၊

ထုတ်လုပ်မှုဆိုင်ရာအခြေခံအဆောက်အအုံနှင့် အထောက်အပံ့ပစ္စည်းများကို အရည် အသွေးဘစီမံခန့်ခွဲမှုစနစ်နှင့်အညီ ခေတ်မီမွန်းမံ ပြင်ဆင်ရမည်ဖြစ်ပြီး ထုတ်ပိုးခြင်း၊ အမှတ်တံဆိပ်ပြုလုပ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်းတို့ကို ပိုမိုအာရုံစိုက် လုပ်ဆောင်ရမည်ဟု Tien က ဆိုပါသည်။

ဓာတုဆေးဝါးနှင့် ဖြည့်စွက်ပစ္စည်းများအသုံးပြုခြင်းအား စိစစ်မှုကိုလည်း တိုးမြှင့်လုပ်ဆောင်ရမည်ဟု သိရှိရပါသည်၊၊

ငံပြာရည်ထုတ်လုပ်မှုအတွက် အရေးတကြီးလုပ်ဆောင်ရမည့် အချက်တစ်ချက်မှာ ကာလကြာရှည်တည်ရှိခဲ့ပြီးဖြစ်သည့် ကျေးရွာများကို ခေတ်နှင့်အညီ ပြင်ဆင်မွမ်းမံ ရန်နှင့် အားပေးမြှင့်တင်ပေးရန်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ပင်လယ်စာတစ်ခု ဖြစ်လာစေရေးအပြည့်အဝအသုံးချရန်နှင့်ငံပြာရည်ထုတ်လုပ်မှု လုပ်ငန်းနယ်ပယ်အတွက် တန်ဖိုးရှိသည့် ရေရှည်တည်တံ့ခိုင်မြဲသော ကွင်းဆက်တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရေးမူဝါဒများ တိုးမြှင့်လုပ်ဆောင်သွားမည်ဟု သိရှိရပါသည်၊၊

လက်ရှိတွင် ငံပြာရည်ထုတ်လုပ်သည့်လုပ်ငန်း ၁၇ ခုသည် ပို့ကုန်တင်ပို့မှုလုပ်ငန်းများ စတင်လုပ်ဆောင်လာပြီဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ငံပြာရည်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂၈.၅၃ သန်းရရှိခဲ့ကြောင်း သိရှိရပါသည်။

 

 

 

ပြည့်ဖြိုးအောင်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

 

Source: https://vietnamnews.vn/economy/1254861/vietnamese-fish-sauce-industry-seeks-ways-to-expand-abroad.html

Category: International News